Saturday, May 21, 2011

မြွေဆိပ်ဖြေဆေးလှူဒါန်းပွဲ သတင်း





၂၀၁၁ ဖေဖော်ဝါရီလက လှူဒါန်းခဲ့သော သံလျင်မြို့၊ ၀န၀ါသီ သီလရှင်သင် ပညာရေးကျောင်း

၂၀၁၁ ဖေဖော်ဝါရီလက လှူဒါန်းခဲ့သော သံလျင်မြို့၊ ၀န၀ါသီ သီလရှင်သင် ပညာရေးကျောင်း မှ ဓါတ်ပုံများ








ဂုဏ်ပြုမှတ်တမ်းလွှာများ

အလှူခံဌာနများမှ ပြန်လည်ပေးပို့သော ဂုဏ်ပြုမှတ်တမ်းလွှာများ











၂၀၁၁ မတ်လ အလှူရှင်စာရင်း


Monday, May 2, 2011

စင်ကာပူနိုင်ငံ မြန်မာပရဟိတအဖွဲ့များ ၏ မြွေဆိပ်ဖြေဆေး စုပေါင်းလှုဒါန်းပွဲ ဖြစ်မြောက်ရေး ဒုတိယအကြိမ် စည်းဝေးပွဲ

စည်းဝေးပွဲမှတ်တမ်း

နေ့ရက် - ၁ မေလ၊ ၂၀၁၁ (တနင်္ဂနွေ)
အချိန် - ညနေ ၇ နာရီခွဲမှ ၉ နာရီခွဲထိ
နေရာ - ဓမ္မပန်းခင်း စာကြည့်တိုက် ၊ #05-01, Peninsula Plaza

မှတ်တမ်းတင်သူ

ဦးအေးငြိမ်း

တက်ရောက်လာသူများ

 
စနေဓမ္မ - စနေဓမ္မမိတ်ဆွေများအဖွဲ့

အဘိဓမ္မာ - အဘိဓမ္မာထွန်းကားပြန့်ပွားရေးအဖွဲ့
ဗုဒ္ဓ၊ ဓမ္မ၊ သံဃ - ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ့ လောက အဖွဲ့ကြီး (Lotus Foundation)
ဗုဒ္ဓအလင်းရောင် - ဗုဒ္ဓအလင်းရောင်ပါရမီဖြည့်အသင်း
အောင်လံ - အောင်လံသုခိတာ အသင်း
ထားဝယ် - ထားဝယ်မိသားစု
ပီအက်စ်အေ မိသားစု - မအားလပ်သဖြင့် မတက်ရောက်နိုင်ပါ။
သာသနာ့ရောင်ခြည် အဖွဲ့မှလည်း မအားလပ်သဖြင့် မတက်ရောက်နိုင်ပါ။

ဆွေးနွေးမည့် အကြောင်းအရာ

မြန်မာနိုင်ငံတစ်ဝှမ်း မြွေအကိုက်ဆုံးသောနေရာများသို့ မြွေဆိပ်ဖြေဆေးများလှူဒါန်းရန်

အစီအစဉ်

၁။ နမောတဿ သုံးကြိမ်ရွတ်၍ စည်းဝေးပွဲကို စတင်ခြင်း
၂။ မြွေဆိပ်ဖြေဆေးအတွက် အလှူငွေများပေးအပ်ခြင်း
၃။ ပြီးခဲ့သော ပထမအကြိမ်အစည်းအဝေး မှ ဆောင်ရွက်ချက်များ နှင့် လာမည့် မြွေဆိပ်ဖြေဆေး ပေးအပ်ပွဲအကြောင်း ကို ကိုကျော်ဝဏ္ဏ မှ ရှင်းလင်းတင်ပြခြင်း
၎။ တက်ရောက်လာသောအဖွဲ့များမှ ပြန်လည်ဆွေးနွေးခြင်း
၅။ ဗုဒ္ဓသာသနံ စိရံတိဌတု ဖြင့် စည်းဝေးပွဲကို ရုပ်သိမ်းခြင်း

အစီအစဉ် ၁

နမောတဿ သုံးကြိမ်ရွတ်ဆို၍ စည်းဝေးပွဲကို စတင်ပါသည်။

အစီအစဉ် ၂ (မြွေဆိပ်ဖြေဆေးအတွက် အလှူငွေများပေးအပ်ခြင်း)

တက်ရောက်လာသော အဖွဲ့အသီးသီးမှ အလှူငွေများ ပေးအပ်ပါသည်။

၁။ ဗုဒ္ဓအလင်းရောင် ပါရမီဖြည့်အသင်းမှ အလှူငွေပေးအပ်ခြင်း - စင်ကာပူဒေါ်လာ ၁၀၀၀.၀၀


၂။ ထားဝယ်အသင်းမှ အလှူငွေပေးအပ်ခြင်း - စင်ကာပူဒေါ်လာ ၂၀၀.၀၀
၃။ အောင်လံအသင်းမှ အလှူငွေပေးအပ်ခြင်း - စင်ကာပူဒေါ်လာ ၇၀၀.၀၀

၎။ စနေဓမ္မမိတ်ဆွေများအဖွဲ့ မှ အလှူငွေပေးအပ်ခြင်း - စင်ကာပူဒေါ်လာ ၁၁၀၀.၀၀


အစီအစဉ် ၃ (အဖွဲ့အသီးသီးမှ လှုပ်ရှားမှုများပြောကြား)


၁။ ဗုဒ္ဓအလင်းရောင် ပါရမီဖြည့်အသင်း (ကိုနွယ်ဝင်း)

ဗုဒ္ဓအလင်းရောင် ပါရမီဖြည့်အသင်းမှ မေ ၁၅ မှာ ၅ ကြိမ်မြောက် စုပေါင်းသွေးလှူပွဲကို Outram Park ရှိ ဗဟို အမျိုးသား သွေးလှူဘဏ်တွင် ပြုလုပ်မည်။ ခန့်မှန်း သွေးအလှူရှင် ၁၀၀ ခန့်ရှိမည်။ သွေးလှူရှင်များကို အားဖြည့်အစားအစာ (ဥပမာ - ကြက်ဥ၊ နွားနို့စသည်) များ ထောက်ပံ့ပေးသည်။ ထိုအစားအသောက်များအတွက် အသင်းတွင်ရှိသော ရံပုံငွေမှ သုံးစွဲသည်။ အခြားအဖွဲ့များကို ပူးပေါင်းပါဝင်ရန် တိုက်တွန်းပါသည်။ သို့မဟုတ် လိုအပ်သော အစားအသောက် စသည်တို့ အတွက်လည်း လှူဒါန်းနိုင်ပါသည်။

၂။ ပြီးခဲ့သော စည်းဝေးပွဲမှ ဆောင်ရွက်ချက်များ၊ မြွေဆိပ်ဖြေဆေး လှူဒါန်းရခြင်း နှင့် ပတ်သက်၍ ရှင်းလင်းချက်
(ကိုကျော်ဝဏ္ဏ)

ယခုကဲ့သို့ ပရဟိတအဖွဲ့များ စုပေါင်းဆောင်ရွက်ခြင်းသည် ယခင်က မရှိဖူးသေးဘဲ ယခု ပထမဆုံးအကြိမ်ဖြစ်ပါ သည်။ မြန်မာပြည်ဘက်မှ မြင်းမူတိပိဋကဆရာတော်ကြီး၊ ဆရာတော်ဦးနန္ဒမာလာ အပါအ၀င် ရဟန်းရှင်လူအားလုံးကလည်း နှစ်သက်သဘောကျကာ သာဓုခေါ်ကြသည်။


ယခု မြွေဆိပ်ဖြေဆေး လှူဒါန်းရခြင်းနှင့် ပတ်သက်ပြီး ပြောရလျှင် မြန်မာပြည်တွင် မြွေကိုက်သဖြင့် တစ်နှစ်လျှင် အသက်ပေါင်း နှစ်သောင်း၊ သုံးသောင်းလောက် ဆုံးရှုံးရပါသည်။ မြွေဆိပ်ဖြေဆေးမှာ အလွန်ဈေးကြီး၏။ ဆေးတစ်လုံးလျှင် ကျပ်ငွေခြောက်သောင်းကျော် ရှိသဖြင့် မြွေကိုက်လျှင်သော်မှ ဆေးဝယ်ဘို့မတတ်နိုင်ကြသဖြင့် အသက်ဆုံးရှုံးကြရခြင်း ဖြစ်သည်။ ပိုက်ဆံရှိလျှင်သော်မှ မြွေဆိပ်ဖြေဆေးဝယ်ယူရေးမှာ မလွယ်လှပါ။ မြွေကိုက်သည့် အရေအတွက်နှင့်စာလျှင် မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုမှာလည်း မလုံလောက်သေးပါ။


မြန်မာနိုင်ငံအနေအထားနှင့်လည်း မြွေဆိပ်ဖြေဆေးကိုလှူရန် မည်သူကမှ မစဉ်းစားမိသေး။ လှူရကောင်းမှန်း မသိသေးပါ။ ကျွန်တော်ကွင်းဆင်းလေ့လာချက်အရ မြန်မာနိုင်ငံတွင် မြွေအကိုက်ဆုံးဒေသမှာ တိုင်းကြီး ၅ တိုင်းရှိပါသည်။ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်း တို့ဖြစ်ပါသည်။ မကွေးတိုင်းမှာ မြွေအကိုက်ဆုံးမြို့နယ် ၆ မြို့နယ်၊ ဧရာဝတီတိုင်းမှာ ၄ မြို့နယ် စသဖြင့်ရှိသော်လည်း ရရှိသော အလှူငွေအင်အားနှင့် မြို့နယ်တိုင်းကိုမူ မလှူနိုင်ခဲ့ပါ။

ပထမပိုင်းကြုံတွေခဲ့ရသည့် ပြဿနာမှာ ဆေးဝယ်ယူရရှိမှု ဖြစ်သည်။ ဈေးကွက်တွင် မြွေဆိပ်ဖြေဆေး အတုများ လည်း ရှိသဖြင့် ဆေးအစစ်ရရှိရေးကိုလည်း အလေးထား ဆောင်ရွက်ရပါသည်။ ထို့ပြင် နောက်အခက်အခဲတစ်ခုမှာ မြွေဆိပ် ဖြေဆေးကို ၀န်ကြီးလက်မှတ်နှင့်သာ ရောင်းချပေးသည် ဆိုခြင်း ဖြစ်ပါသည်။ ထို့အတွက် ကျွန်တော်တို့လက်ထဲတွင် အလှူငွေများရှိနေသည့်တိုင် ၈ လခန့်ထိ မြွေဆိပ်ဖြေဆေးကို မ၀ယ်ယူနိုင်ခဲ့ပါ။

ထို့နောက်တွင်မှ မြင်းမူတိပိဋက ဆရာတော်ကြီးနှင့် ဆက်မိသဖြင့် ဆရာတော်ကြီး အကူအညီဖြင့် ၀ယ်ယူနိုင်ခဲ့ ပါသည်။ ဆရာတော်ကြီးကိုယ်တိုင် နေပြည်တော်သွားကာ ဆောင်ရွက်ခဲ့သဖြင့် တစ်လုံးကို ခြောက်သောင်းခွဲခန့် ပေါက်ဈေးရှိ သော ဆေးများကို ကျပ်တစ်သောင်းခွဲမျှနှင့် ၀ယ်ယူရရှိခဲ့ပါသည်။ သို့အတွက် စနေဓမ္မမိတ်ဆွေများအဖွဲ့ မှ လှူဒါန်းထားသော အလှူငွေဖြင့် မြွေဆိပ်ဖြေဆေးကို ၅ မြို့နယ်စာ လှူဒါန်းနိုင်ခဲ့ပါသည်။

ထို ၅ မြို့နယ်မှာ -

၁။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ခွက်ခွင်းတိုက်နယ်ဆေးရုံ
၂။ မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်ဆေးရုံ
၃။ ပဲခူးတိုင်းအနောက်ပိုင်း၊ ပေါင်းတလည်မြို့နယ်၊ တိုက်နယ်ဆေးရုံ
၎။ ပဲခူးတိုင်းအနောက်ပိုင်း၊ ရွှေတောင်မြို့နယ်၊ ကျီးသဲတိုက်နယ်ဆေးရုံ
၅။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မောင်ထောင်တိုက်နယ်ဆေးရုံ - တို့ဖြစ်ပါသည်။

သို့ဖြင့် ၂၀၁၁ ခုနှစ် ဇန္န၀ါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) နေ့တွင် မြွေဆိပ်ဖြေဆေး လှူဒါန်းပွဲ အခမ်အနားကို တိပိဋကကျောင်းတော်ကြီးတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ စနေဓမ္မမိတ်ဆွေများအဖွဲ့ မှ ဦးအေးငြိမ်း၏ အစ်မဖြစ်သူ ဒေါ်ကျင်ကျင် နှင့် နှမ ဒေါ်မူမူ တို့ တက်ရောက်ကာ မြွေဆိပ်ဖြေဆေး ပေးအပ်ခြင်း နှင့် ဂုဏ်ပြုလွှာ လက်ခံရယူခြင်းတို့ ပြုလုပ်ခဲ့ပါသည်။

စုစုပေါင်း လှူဒါန်းငွေ မှာ ၈၆၅၅၀၀ ဖြစ်ပြီး ထိုငွေဖြင့် မြွေဆိပ်ဖြေဆေး ၆၅ လုံး ၀ယ်ယူကာ ဆေးရုံတစ်ရုံလျှင် ၁၃ လုံးနှုန်းဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။ ဆေးတစ်လုံးလျှင် ၁၃၃၀၀ ကျပ် ခန့်ကျသင့်ပါသည်။ ဆေးကို ခွက်ခွင်းဆရာတော် ကြီး မှဝယ်ပေးခြင်းဖြစ်ပါသည်။

သို့သော် မြွေကိုက်သော အရေအတွက်နှင့် နှိုင်းစာလျှင် အလွန်နည်းပါးနေသေးသဖြင့် ယခုတစ်ကြိမ် ထပ်မံလှူဒါန်းရန် ကြိုးပမ်းခြင်း ဖြစ်ပါသည်။ ယခင်လှူဒါန်းစဉ်ကတည်းက မြင်းမူဆရာတော်ကြီးအား နောက်တစ်ကြိမ်တွင်လည်း မြွေဆိပ် ဖြေဆေး ၀ယ်ယူရရှိရေးအတွက် အကူအညီပေးပါရန် လျှောက်ထားခဲ့ပါသည်။

နောက်အခက်အခဲတစ်ခုမှာ အစိုးရ၏ မူဝါဒ ဖြစ်ပါသည်။ ဆေးရုံတစ်ခုလျှင် မြွေဆိပ်ဖြေဆေး ၃ လုံးထက် ပိုမထားရ။ ပိုထားလျှင် သိမ်းယူနိုင်သည်။ သို့အတွက် ကျွန်တော်တို့က မြွေဆိပ်ဖြေဆေးကို ဆေးရုံသို့မအပ်ထားတော့ပဲ မြွေဆိပ်ဖြေဆေး လှူမည့်နေရာများတွင် ၅ ဦးကော်မတီဖွဲ့ကာ ထိမ်းသိမ်းထားရန် စီစဉ်ခဲ့ပါသည်။ ထို ၅ ဦးကော်မတီတွင် -

- ဘာသာရေးခေါင်းဆောင် (ကျောင်းထိုင်ဆရာတော် စသည်)
- ပညာရေးခေါင်းဆောင် (ကျောင်းဆရာ၊ ဆရာမများ စသည်)
- ကျန်းမာရေးခေါင်းဆောင် (ဆရာဝန်၊ ဆေးမှုး၊ သူနာပြု စသည်)
- ရပ်မိရပ်ဖ (ရပ်ရွာအကျိုးသယ်ပိုးလိုသည့်၊ စေတနာထက်သန်သည့် ရပ်ရွာလူကြီးများ စသည်)
- ကျောင်းသားဟောင်း (ရပ်ရွာအကျိုးသယ်ပိုးလိုသူ ဘုန်းကြီးကျောင်းသား၊ တန်းကျောင်းသား စသည်) တို့ပါဝင်သည်။

သက်ဆိုင်ရာဆေးရုံသို့ ထို ၅ ဦးကော်မတီထံတွင် မြွေဆိပ်ဖြေဆေးများရှိကြောင်း၊ မြွေကိုက် လူနာရှိပါက အချိန်မရွေး ဆေးလာယူနိုင်ပါကြောင်း အကြောင်းကြားထားပါသည်။ နောက်တစ်ခုမှာ ဆေးသိုလှောင်ခြင်း ဖြစ်ပါသည်။ မြွေဆိပ်ဖြေဆေး ကို ရေခဲသေတ္တာနှင့် ထားရသည်။ သို့အတွက် မီးရသော၊ ရေခဲသေတ္တာရှိသော နေရာများတွင်ထားကာ အရေးအကြောင်း ရှိပါ က မော်တော်ဆိုင်ကယ်နှင့် အပို့အယူလုပ်နိုင်ရန် စီစဉ်ထားရပါသည်။ သို့သော် ယခုအခါတွင် မီးမရသောနေရာ၊ ရေခဲသေတ္တာ မရှိသော နေရာများအတွက် ဆေးကို လုံခြုံစွာထုပ်ကာ ရေကန်ထဲ၊ သို့မဟုတ် သဲထဲတွင် မြှုပ်ထားနိုင်ကြောင်း သိရသဖြင့် ပိုအဆင်ပြေသွားပါသည်။

မြွေဆိပ်ဖြေဆေးမှာ တစ်ခါကိုက်လျှင် ၄ လုံး မှ အခြေအနေကိုလိုက်၍ ဆယ်လုံးထိ ထိုးရပါသည်။

မြွေဆိပ်ဖြေဆေးကိုမူ မြင်းမူ တိပိဋကဆရာတော်ကြီး အကူအညီဖြင့် ရနိုင်ပါသည်။ ဆရာဝန်ကြီး ဒေါက်တာကွန်းမော် တို့က ဆေးမမှားအောင် စစ်ဆေးပေးပါသည်။ သို့ရာတွင် မည်သည့်နေရာများသို့ လှူရန်ကိုမူ သေသေချာချာ စိစစ်ရွေးချယ်ရ ပါမည်။ သတင်းစာ၊ ဂျာနယ်များမှ ဖွင့်ကြေငြာလိုက်လျှင် မလိုလားအပ်သော ကိစ္စများပေါ်လာနိုင်သဖြင့် ထိုကဲ့သို့ ကြော်ငြာ ရန်ကို သေသေချာချာ စဉ်းစားရန် လိုပါသည်။

အလှူခံလာသောနေရာများရှိ ဆရာဝန်ကြီးများ၊ ဒေသခံများ နှင့် ရန်ကုန်မှ တာဝန်ယူဝယ်ပေးမည့် ဆရာတော်ကြီး များ တွေ့ဆုံးဆွေးနွေး ဆုံးဖြတ်ပါမည်။ မိမိတို့ဒေသအတွက် အလှူခံလိုသူများအနေနှင့် မည်သည့်ဒေသဖြစ်သည်၊ တစ်နှစ်လျှင် မြွေကိုက်နှုံး မည်မျှရှိသည်။ မည်သည့်မြွေ အမျိုးအစားဖြစ်သည် စသည်တို့ကို သေသေချာချာ သတင်းရယူရပါမည်။ ကျွန်တော်တို့မှ ထပ်မံစုံစမ်းကာ အတည်ပြုပြီးမှ လှူဒါန်းပေးမည်ဖြစ်ပါသည်။

မြင်းခြံ၊ အောင်လံတို့ဘက်မှ မြွေအကိုက်ဆုံးဒေသများကို စုံစမ်းကာလှူဒါန်းနိုင်ပါသည်။

၃။ အောင်လံအဖွဲ့မှ ပြန်လည်ဆွေးနွေးခြင်း

အောင်လံ၊ ရွှေပန်းတော၊ ဒဘလ ဘက်များတွင် တိုက်နယ်ဆေးရုံများရှိသည်။ ထိုပတ်ဝန်းကျင်ရွာများတွင် မြွေကိုက် မှုများတွေ့ရသည်။ မြွေအကိုက်ဆုံးလ၊ ကိုက်သည့်အကြိမ်အရေအတွက် (ခန့်မှန်း)၊ ကိုက်သည့်မြွေအမျိုးအစား စသည်များကို စုံစမ်းကာ ပြန်လည်တင်ပြပါမည်။

၎။ ဦးအေးငြိမ်း

လှုပ်ရှားမှုအားလုံးကို စနစ်တကျ စာရင်းဇယားနှင့် မှတ်တမ်းတင်ထားရန်လိုပါသည်။

- ကောက်ခံရရှိသည့် အလှူငွေ (မည်သည့်အဖွဲ့မှ အလှူငွေမည်မျှကို မည်သည့်နေ့တွင် လှူသည်)
- အလှူငွေပို့ မှတ်တမ်း (မည်သည့်ဆိုင်မှ မည်သည့်နေ့တွင် မည်သည့် ဈေးနှုံးဖြင့် ပို့သည်။ ငွေပို့ဖြတ်ပိုင်းပါ သိမ်းထားရန်) - ဆေးဝယ်ခြင်းမှတ်တမ်း (မည်သူက မည်သည့်နေ့တွင် ဆေးဘယ်နှလုံးကို မည်သည့်ဈေးနှင့် ၀ယ်ခဲ့သည်၊ ဘောက်ချာများပါ သိမ်းထားရန်)
- ဆေးပေးအပ်ခြင်းမှတ်တမ်း (မည်သူတို့က မည်သည့်နေ့တွင် မည်သည့်နေရာများသို့ ဆေးဘယ်နှလုံးလှူဒါန်းခဲ့သည်၊ ဂုဏ်ပြုလွှာများ ရယူသိမ်းထားရန်)
- ထို့နောက် ရငွေ၊ သုံးငွေ ရှင်းတမ်း ထုတ်ပြန်ကာ အလှူရှင်အားလုံးသို့ ဖြန့်ဝေပေးရန်။

၅။ ဦးပညာဒီပ

ဦးဇင်းက ရေစကြိုဘက်ကပါ။ ဦးဇင်းတို့ဘက်မှာလဲ မကြာခဏ ပိုးထိတဲ့ကိစ္စ ကြုံရတတ်ပါတယ်။ မြွေကိုက်တဲ့အချိန် ကတော့ မှိုပေါက်တဲ့ရာသီ မိုးဦးကျမှာပါ။ မြွေတွေက မှိုကိုကြိုက်တယ်လို့လဲ ဆိုပါတယ်။ မြွေကိုက်တာကို ကုလို့ရမရ ဆိုတာ ကတော့ ကိုက်တဲ့အခြေအနေပေါ် မူတည်ပါတယ်။ နားပင်းပိတ်မြွေကိုက်ရင်တော့ ဆေးမမီဘူး ဆိုပါတယ်။ များသောအားဖြင့် မြွေပွေးကိုက်တာ များတယ်။ အောက်ပြည် ပဲခူး ဘက်တွေကျတော့ ကောက်ရိတ်ချိန်မှာ မြွေကိုက်တာများတယ် လို့ဆိုပါတယ်။ ကိုက်တာကလည်း မြွေဟောက်များပါတယ်။

၆။ ကိုသောင်းတန်

ဓမ္မရောင်ခြည်က မနက်ဖြန် သူတို့အလှူရေစက်ချပွဲ ရှိနေလို့မလာနိုင်ဘူးလို့ အကြောင်းကြားပါတယ်။ ဒါပေမဲ့ နက်ဖြန် ကလီမင်တီမှာလုပ်မဲ့ အခမ်းအနားမှာ အလှူငွေပေးပါလိမ့်မယ်။ ပီအက်စ်အေ အဖွဲ့ကလည်း သူတို့ကိစ္စလေးတွေရှိနေလို့ မလာနိုင်ပါဘူး။ ဒါပေမဲ့ သူတို့လည်း လှူမယ်လို့ပြောထားတာ ရှိပါတယ်။ နောက်အကျဆုံး ၄ ရက်နေ့လောက် အလှူငွေ အပ်ပါလိမ့်မယ်။

၇။ ကိုမြင့်သိန်း

အားလုံးပေါင်းလိုက်ရင် ယခုမြွေဆိပ်ဖြေဆေးအတွက် အလှူငွေ ၄၀၀၀ ကျော် ၅၀၀၀ လောက်ရရန်မှန်းပါသည်။ ယခင်က စကားစခဲ့ဖူးသော စင်ကာပူ ပရဟိတ အဖွဲ့အားလုံး၏ web site တစ်ခုလုပ်ကာ အဖွဲ့အားလုံး၏ လှုပ်ရှားမှုကို upload လုပ်နိုင်လျှင် စင်ကာပူအဖွဲ့များ၏ လှုပ်ရှားမှုများကို အခြားနိုင်ငံများရှိ မြန်မာအဖွဲ့များ၊ စင်ကာပူနိုင်ငံအတွင်းရှိ အခြားအဖွဲ့များမှ သိသွားကာ အကျိုးများနိုင်ပါသည်။

၈။ ပြန်လည်ဆွေးနွေးချက်

ထို့ပြင်လည်း အလွန်လိုအပ်နေသော သဘာဝဘေးဒါဏ်ခံရသော ဒေသများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ အစိုးရ စာသင်ကျောင်း၊ ဆေးရုံ ဆေးခန်း စသည်တို့ကိုလည်း ယခုကဲ့သို့ပင်စုစုစည်းစည်း လှူနိုင်ပါက အလှူခံနေရာမှာ များစွာ အကျိုးသက်ရောက်သွားနိုင်ပါသည်။

အောင်လံအဖွဲ့မှ ဤကဲ့သို့ စုပေါင်းလှူမည် ဆိုပါက နှစ်လတန်သည် စသဖြင့် ကြိုတင်အကြောင်းကြားပါရန် ပြောပါသည်။ ထားဝယ်အဖွဲ့မှလည်း လုပ်သမျှ ပရဟိတ လုပ်ငန်းမှန်သမျှ အကြောင်းကြားပါရန်၊ မိမိတို့တတ်နိုင်သရွေ့ စွမ်းစွမ်း တမံ ပါဝင်ဆောင်ရွက်လိုပါကြောင်း ပြောပါသည်။

၉။ လာမည့် ကဆုန်လပြည့် မြွေဆိပ်ဖြေဆေးပေးအပ်ပွဲ အခန်းအနား နှင့် အဘိဓမ္မာအသင်းကြီး ပန္နက်ချပွဲ အစီအစဉ်
(ကိုကျော်ဝဏ္ဏ)

လာမည့် ကဆုန်လပြည့် (၁၃၇၃ ကဆုန်လပြည့်နေ့၊ ၂၀၁၁ မေလ ၁၇ ရက်၊ အင်္ဂါနေ့) နံနက် ၉ နာရီတွင် အဘိဓမ္မာအသင်းကြီး ပန္နက်ချပွဲကို ရွှေတိဂံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ မြင်းမူတိပိဋက ဆရာတော်ကြီး၊ ဆရာမကြီးဒေါ်ခင်လှတင့် စသူတို့ဦးဆောင်လျှက် ပြုလုပ်ပါမည်။

နေ့လည် ၂ နာရီတွင် စကားဝါလမ်း (နိုင်ငံခြားရေးဝန်ကြီးဌာနဟောင်း အနီး) ရှိ တိပိဋက နိကာယကျောင်းတော်ကြီး တွင် မြင်းမူဆရာတော်ကြီးနဲ့တကွ ဆရာတော်ကြီးသုံးပါး၊ စာနယ်ဇင်းမှ ပုဂ္ဂိုလ်များ၊ စင်ကာပူမှ ခေတ္တပြန်ကြမည့်သူများ စုပေါင်း ကာ မြွေဆိပ်ဖြေဆေး လှူဒါန်းပွဲကို ပြုလုပ်ပါမည်။

စင်ကာပူရောက် မြန်မာ ပရဟိတအဖွဲ့များ ၏ မြွေဆိပ်ဖြေဆေးနှင့် အသက်ကယ်ဆေးများ စုပေါင်းလှူဒါန်းပွဲ ဟု စာတမ်းရေးမည် ဖြစ်ပါသည်။ ထို့နောက်မှ လှူဒါန်းထားသော အဖွဲ့အစည်းများ ဥပမာ - စနေဓမ္မမိတ်ဆွေများအဖွဲ့၊ ဗုဒ္ဓအလင်း ရောင် ပါရမီဖြည့်အသင်း၊ ထားဝယ်အသင်း စသည်တို့ကို အောက်ဖက်တွင် ထည့်ပါမည်။ The Voice, 7 Day News, Flower News စသည်တို့ကို ဖိတ်ထားပါသည်။ ကျွန်တော်တို့လုပ်သည်ကို အခြားအဖွဲ့များ (ပြည်တွင်း၊ ပြည်ပ) လည်း နမူနာယူကာ လှူနိုင်စေရန် ဖြစ်ပါသည်။

ညပိုင်းတွင် ကျွန်တော်တို့ပြုလုပ်ခဲ့သည့် ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှုအစုစုတို့အတွက် အချို့သော တိပိဋက ဆရာတော်ကြီးများပါဝင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဆီမီးတစ်သောင်း၊ ပန်းတစ်သောင်း ကပ်လှူပူဇော်ပါမည်။ ထို့နောက် ဝေနေယျသတ္တ၀ါ အပေါင်းကို အမျှအတန်းပေးဝေမည် ဖြစ်ပါသည်။ မြန်မာပြည်ပြန်မည့်သူများအား ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်ပါသည်။

၁၀။ ၀ိုင်းဝန်းဆွေးနွေးကြခြင်း

စင်ကာပူ ပရဟိတ အဖွဲ့အားလုံး၏ web site တစ်ခုလုပ်ကာ အဖွဲ့ဝင်အားလုံးကို အဖွဲ့လှုပ်ရှားမှုအား စည်းဝေးပွဲ ဖိတ်စာမှ အစ အသိပေးနိုင်မည်။ ကျွန်တော်တို့လှုပ်ရှားမှုများကို website ပေါ်တင်ပေးခြင်းဖြင့် အခြားနိုင်ငံများရှိ အဖွဲ့များနှင့် ဆက်သွယ်မိကာ နာဂစ်ကဲ့သို့သော အရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည်။ ကျွန်တော်တို့ကို အတုယူကာ သူတို့ လည်း ပူးပေါင်းဆောင်ရွက်ရန် လမ်းစရနိုင်မည်။

အောင်လံအသင်းမှ ကိုစိုးလင်းထွန်း က လုပ်ပေးရန် စကားကမ်းလှမ်းထားတာရှိသဖြင့် သူနှင့်ဆက်သွယ်ပြီး လုပ်နိုင် ပါမည်။

စင်ကာပူပရဟိတအဖွဲ့များ၏ web site တင်ရာတွင် web master တစ်ဦးတည်းက ရေးတာမဟုတ်ဘဲ main page တွင် တစ်ဖွဲ့ချင်း၏ logo များထည့်ကာ ထို logo များမှ link လုပ်ထားခြင်းအားဖြင့် ပိုမိုပြည့်စုံသော information များ ပေးနိုင် မည်။ သက်ဆိုင်ရာအဖွဲ့များမှ မိမိတို့ အဖွဲ့၏ လှုပ်ရှားမှုများကို အမြဲ update လုပ်နေရန် ဖြစ်ပါသည်။

အကယ်၍ မိမိတို့အဖွဲ့တွင် web site ရေးတတ်သူမရှိသေးပါက အဖွဲ့အားလုံးမှ web site ရေးရန် စိတ်ဝင်စားသူများ ကို တစ်ဖွဲ့လျှင် အနည်းဆုံးနှစ်ဦးကျစီ စုစည်းကာ ရေးတတ်သူက ပြန်လည်သင်ကြားပေးရန် ဖြစ်ပါသည်။

ထို့ပြင် မိမိနှင့်နီးစပ်ရာ အခြားအဖွဲ့များ (ဥပမာ - ကျောက်ပန်းတောင်းအသင်း၊ ချောက် ဂျီတီအိုင်အသင်း စသည်) အားလည်း ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်သည်များကို သတင်းပေးကာ ပူးပေါင်းပါဝင်လာရန် စည်းရုံးကြစေလိုပါသည်။

ယခုရရှိလာသော အလှူငွေအားလုံးကို မြွေဆိပ်ဖြေဆေးဝယ်ကာ ရရှိထားသော အလှူခံနေရာများအလိုက် ခွဲဝေပေး မည် ဖြစ်ပါသည်။ မြွေဆိပ်ဖြေဆေးကို မေလ ၁၇ ရက်မတိုင်မီ အပြီးဝယ်ယူထားပြီး မင်းကွန်း တိ၊ နိ တွင် ထိန်းသိမ်းထားပါ မည်။ အလှူခံနေရာများလည်း ရရှိထားပြီးဖြစ်သဖြင့် ရရှိလာသော မြွေဆိပ်ဖြေဆေး အလုံးရေပေါ်မူတည်ကာ ခွဲဝေပေးပါမည်။ ၎င်းတို့လာလျှင် ဆေးသယ်မည့် ရေခဲဗူးများပါ တပါတည်းယူဆောင်လာရန် စီစဉ်ပြီးဖြစ်ပါသည်။ ဆေးများလှူဒါန်းပြီးသောအခါ ဒေသခံ ၅ ဦးကော်မတီ၏ လက်ခံရရှိကြောင်း စာများကိုရယူရန်လည်း စီစဉ်ထားပါသည်။

မြွေဆိပ်ဖြေဆေးကို မည်သည့်ဈေးဖြင့် ဘယ်နှလုံးဝယ်ယူရရှိသည်။ မည်သည့်နေရာများသို့ ဘယ်နှလုံးလှူသည် စသည့် စာရင်းအားလုံးကို ရန်ကုန်မှ မယမင်းသိမ်း က ပြုစုထားမည်ဖြစ်ပါသည်။ ထိုစာရင်းများကို အဖွဲ့အားလုံးသို့ ဖြန့်ဝေ ပေးမည် ဖြစ်ပါသည်။

ရန်ကုန် မြွေဆိပ်ဖြေဆေးပေးအပ်ပွဲ ကို တက်ရောက်မည့်သူများ၏ စာရင်းကို ပေးအပ်ထားရန် လိုပါသည်။ အဖွဲ့အားလုံးမှ ကိုယ်စားလှယ် တစ်ဦးတန်သည်၊ နှစ်ဦးတန်သည် လာရောက်ကြပါရန် တိုက်တွန်းပါသည်။ တက်ရောက်မည့် သူများ၏ ရန်ကုန်ဖုံးနံပါတ်၊ လိပ်စာ စသည်တို့ကို ပေးထားရန်လိုပါသည်။ လာရောက်မည့်သူများအား ကားမှတ်တိုင်တွင် လာရောက်ကြိုဆိုမည် ဖြစ်ပါသည်။

မြွေဆိပ်ဖြေဆေးအခန်းအနားအတွက် အခန်းအနားပြင်ဆင်စရိတ်၊ ကြွရောက်လာသော ဆရာတော်ကြီးများအား န၀ကမ္မ အလှူငွေဆက်ကပ်ခြင်း စသည်တို့အတွက် ရံပုံငွေ လိုပါသည်။ ယမန်နှစ်က အခန်းအနားတွင်မူ Lotus Foundation မှ ငွေကျပ် သုံးသိန်းစိုက်ထုတ် လုပ်ကိုင်သွားပါသည်။ ဤအတွက်လည်း ယခုကြွရောက်လာသော အဖွဲ့များမှ သီးသန့်လှူဒါန်းနိုင် ပါသည်။

ကိုကျော်ဝဏ္ဏ ရန်ကုန်သို့ ယခုလ ၁၁ ရက်ပြန်မည် ဖြစ်ပါသည်။ ရန်ကုန်တွင် ၎င်းနှင့် ဆက်သွယ် ဆောင်ရွက်နိုင် ပါသည်။

၁၁။ မြွေဆိပ်ဖြေဆေးပေးအပ်ပွဲ အခမ်းအနား ပြင်ဆင်စရိတ် အတွက် အလှူငွေများပေးအပ်ခြင်း
 

၁၁။ ဆောင်ရွက်ရန်

 ၁၂။ အစည်းအဝေးရုပ်သိမ်းခြင်း


ည ၉ နာရီခွဲတွင် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးကို ရုပ်သိမ်းပါသည်။ ထို့နောက် အားလုံး စုပေါင်းကာ အမှတ်တရ ဓါတ်ပုံရိုက်ကြပါသည်။

နောက်ဆက်တွဲ

ပထမအကြိမ် မြွေဆိပ်ဖြေဆေးပေးအပ်ပွဲ အခမ်းအနား မှတ်တမ်းဓါတ်ပုံများ